မန္တလေးမြို့ရိုးတံခါးများအား လေ့လာခြင်း
ကျနုပ်အကို အကြီးဆုံး ကိုကျော်ဝေကား စာတိုပေစ ၀ါသနာပါ၏။စာဖတ်အားလည်း ကောင်း၏၊ကျုပ်တို့ ညီအကိုမောင်နှမတစ်တွေ စာဖတ်ဝါသနာ ပါလာခြင်းမှာ သူ့ ကျေးဇူးကြောင့်ပင်။ငယ်စဉ်က မိသားစု ၀မ်းရေးအတွက် အဝေးတစ်ရော အလုပ်သွား လုပ်ရာမှ ပြန်လာတိုင်း စာအုပ်များ ၀ယ်လာလေ့ရှိ၏။ကျေးလက်ဒေသကား စာအုပ် ရှားပါးလွန်းလှ၏။အကိုကြီး ပြန်လာမှသာလျင် ကျနုပ်တို့ မောက်နှမတစ်တွေလည်း စာအုပ်အသစ် ဖတ်ကြရ၏။အကိုကြီးကား စာတိုပေစ၊ဗေဒင်စသည့်တို့ကိုလည်း ၀ါသနာပါ၏။ဗေဒင်တွက်ချက်နည်း စသည်တို့ကိုလည်း မှတ်စုစာအုပ်၌ ကူး၍ မှတ်သား ထားတတ်၏။ကျနုပ်ငယ်စဉ်က သူ့မှတ်စု စာအုပ်ထဲရှိ ဗေဒင်နှင့်ဆိုင်ရာ စာတိုပေစများကို ဖတ်စရာ စာအုပ်မရှိတိုင်း ယူဖတ်လေ့ရှိ၏။တစ်ချို့သော ကဗျာသံပေါက်များကို ဆိုကောင်းကောင်းရှိတိုင်း ဆိုလာခဲ့၏။ငယ်စဉ်က ဆိုကောင်းကောင်းရှိ၍ ဆိုလာခဲ့သည်များသည် ကြီးလာသောအခါ အင်မတန် အသုံးတည့်လာသည်ကို တွေ့ရ၏။အထူးသဖြင့် နိုင်ငံခြားသားများနှင့် သွားသောအခါ ဂြိုဟ်တိုင်များကို ရှင်းပြသောအခါ၌လည်းကောင်း၊မိတ်ဖက်နံဖက်များကို ပြောပြသောအခါ၌ လည်းကောင်း၊တဘောင်ကိန်းခန်းများကို လေ့လာရာ၌လည်းကောင်း အတော် အသုံးဝင်၏။အကိုကြီးကို ကျေးဇူး တင်ရပေမည်။ဥပမာအားဖြင့် ရြိုဟ်တိုင်များကို အကိုကြီး၏ မှတ်စု၌
တနင်္ဂနွေ ဂဠုန် ရှေ့မြောက်ဆုံ နေတုံခြောက်နှစ်ပြ။
တနင်္လာကျား တစ်ဆယ့်ငါး နေငြား အရှေ့ရပ်။
အင်္ဂါခြင်္သေ့ ရှေ့တောင်ကွေ့ မရွေ့ ရှစ်နှစ်ပြ။
ဗုဒ္ဒဟူးဆင် တောင်ရပ်ခွင် နေချင် ဆယ့်ခွန်ပ။ စသဖြင့်ပေါ့လေ။
တနင်္လာကျား တစ်ဆယ့်ငါး နေငြား အရှေ့ရပ်။
အင်္ဂါခြင်္သေ့ ရှေ့တောင်ကွေ့ မရွေ့ ရှစ်နှစ်ပြ။
ဗုဒ္ဒဟူးဆင် တောင်ရပ်ခွင် နေချင် ဆယ့်ခွန်ပ။ စသဖြင့်ပေါ့လေ။
တနင်္ဂနွေ၏ အကောင်သည် ဂဠုန်ဖြစ်၍ အရှေ့မြောက်အရပ်၌ နေပြီး ခြောက်နှစ်သက်တမ်းရှိ၏။တနင်္လာကား ကျားဖြစ်ပြီး အရှေ့အရပ်၌နေကာ ၁၅နှစ် သက်တမ်းရှိ၏။ဤနှစ်ကောင်၏သက်တမ်းကို သိလျင်ကား ကျန်သောအကောင်များကား လွယ်သွား၏။နောက်ထပ်အကောင်များကို နှစ်နှစ်ဆီ ထပ်ပေါင်းသွားရုံသာ။တနင်္ဂနွေသည် အရှေ့မြောက်ထောင့်၌ ခြောက်နှစ်နေသော် အင်္ဂါဟူသော အရှေ့တောင်သည် ၈နှစ်ရှိ၏။စနေနဂါးဟူသော အနောက်တောင်ထောင့်ကား ၁၀နှစ်ရှိ၏။တနင်္လာဟူသော အရှေ့အရပ်သည် ၁၅နှစ်ရှိလျင် ဆင်ဟူသောေုဒ္ဒဟူး တောင်အရပ်ကား ၁၇နှစ်ရ၏။မိမိဘာသာ တွက်ချက်သွားကြပါကုန်။ တဖန် အကိုကြီး၏ မှတ်စုမှ ဖတ်ရှုမှတ်သားခဲ့ရသော မိတ်ဖက်နံဖက်များသည် မန္တလေးမြို့၏ မြို့တံခါးများကို လေ့လာသောအခါ အသုံးဝင်လှသည်ကို တွေ့ရပြန်၏။အကိုကြီး၏ မှတ်စုမှ ကျက်မှတ်ခဲ့ရသော သံပေါက်ကလေးမှာ
အောင်ပ ကုလာ ဆွေသား နောင်ရင်း မိတ်ဖက်ခြင်း။
ဦးညို ခေမာ သုတ ဝေရီ ရန်ဂြိုဟ်မည်၏။
ဓမ္မာ သောက အင်းဝ ရာဇာ အိမ်ထောင်မပြုရာ။
ဦးသာ စိန်ပန်း ဒါန်းလှ ကိုရှာ အိမ်ထောင်ရာ၏။
ဦးဝေ စံကူး ရေဗူး တောသူ ဓာတ်ရန်ယူ။
အန္တော ဂမ္ဘေ စရေ ၀ံသေ ဓာတ်ဖက်လေ။ တဲ့။
မင်းတုန်းမင်းကြီးး မန္တလေးမြို့ကို တည်တော့ တံခါး (၁၂)ရပ် နဲ့ နန်းတော်မြို့ရိုးကို တည်ခဲ့တယ်။တံခါးတွေကို နာမည်ပေးတဲ့ အခါကြတော့ အလယ်တံခါး (၄)ခုကို ဓာတ်ဖက်အရ ပေးခဲ့တာဖြစ်ပြီး မလွယ်တံခါး ခေါ်တဲ့ ဘေးတံခါး (၈)ပေါက်ကိုတော့ မိတ်ဖက်အရ မှည့်ခဲ့ကြတာဖြစ်တယ်။ အလယ်တံခါး(၄)ခုဖြစ်တဲ့ အရှေ့ဘက်က ဦးထိပ်၊တောင်ဘက်က ကျော်မိုး၊အနောက်ဘက်က စည်ရှင်၊ မြောက် ဘက်က လေးသိန်း ဆိုတဲ့ တံခါးတွေကို ကြည့်တော့ အန္တော ဂမ္ဘေ စရေ ၀ံသေ ဓာတ်ဖက်လေ ဆိုတဲ့အတိုင်း ဦးထိပ်(အန္တော)၊
ကျော်မိုး(ဂမေ)္ဘ ၊
စည်ရှင်(စရေ)
၊လေးသိန်း(၀ံသေ) ဆိုပြီး မှည့်ခဲ့ခြင်းပင်။
တစ်ခါ မလွယ်တံခါးတွေကိုတော့ အောင်ပ ကုလာ ဆွေသား နောင်ရင်း မိတ်ဖက်ခြင်းဆိုတဲ့ မိတ်ဖက်အရ မှည့်ခဲ့ကြတာကို လေ့လာတွေ့ရှိရပြန်တယ်။အရှေပဘက်က မလွယ်တံခါးတွေက လွန်ကဲ၊သောင်းညွတ်၊ တောင်ဘက်က ကျွန်းလုံးယူ၊ရန်နည်၊အနောက်ဘက်က ကြေးမုံ၊ထင်ရှား၊မြောက်ဘက်က စည်သာ၊မန်းဦး ဆိုပြီး မှည့်ထားတယ်။
လွန်ကဲ(ကုလာ)၊
သောင်းညွတ်(ဆွေသား)၊
ကျွန်းလုံးယူ(ကုလာ)၊
ရန်နည်(နောင်ရင်း)၊
ကြေးမုံ(ဂမ္ဘေ)၊
ထင်ရှား(နောင်ရင်း)၊
စည်သာ(ဆွေသား)၊
မန်းဦး(အောင်ပ) ဆိုပြီး မှည့်ခဲ့ကြတာ ဖြစ်တယ်။
သည်နေရာမှာ ကျနုပ်တို့ နှုတ်ကျိုးပြီး ခေါ်နေကြတဲ့ အာဠ၀ီတံခါးဟာ သူ့နာမည်အရင်းက ကြေးမုံပေါ့၊ အနောက်ဘက်ခြမ်း တောင်ဘက်စွန်ဆုံးအပေါက်ပေါ့၊တကယ်တော့ အာဠ၀ီဆိုတာ အမရပူရမြို့တံခါးပေါက်ရဲ့ နာမည်ပေါ့။အသုဘတွေ ထုတ်တဲ့ အမင်္ဂလာတံခါးပေါ့။မန္တလေးကို ပြောင်းလာကြတော့ လူတွေက နှုတ်ကျိုးနေတော့ ကြေးမုံလို့ ဘယ်သူမှ မခေါ်ပဲ အာဠ၀ီ လို့ပဲ ဆက်ခေါ်နေကြတာပေါ့။ကြေးမုံဟူ၍ မှည့်ခဲ့ခြင်းသည် လူအများတို့အား မရဏသတိ ကမ္မဌာန်းကို ကြေးမုံမှန်ပြင်ကဲ့သို့ အာရုံပြု၍ ကြည့်ကြကုန်လော့ ဟု သတိပေးသည့်အနေဖြင့် ကြေးမုံဟူ သမုတ်ထားခဲ့ခြင်းဖြစ်၏။
(မှတ်ချက်။ကျနုပ် ဖတ်ရှုမှတ်သား ထားမိသမျှကို ညီငယ်ညီမငယ်များအား မျှဝေခြင်းမျှသာ။ကျနုပ်ထက် တတ်ကျွမ်းသော ဆရာကြီးများအား မရည်ညွှန်းပါ။)