ဦးကေသရလူထွက်ပြီးနောက် ၁၃၀၉ခုနှစ်တွင် ဦးပညောဘာသသည် ဇီးပေါက်ရွာကျောင်း၏
စတုတ္ထမြောက် ကျောင်းထိုင်ဆရာတော် ဖြစ်လာ၏။ဦးပညောဘာသ၏ငယ်မည်မှာ မောင်သက်ပြန် ဟုခေါ်လေ၏။
ငယ်စဉ်က သေပြီအထင်နှင့်အသုဘချကြရာ မြေကြီးထြဲမြှုပ်ခါနီး၌ နောက်ဆုံးအကြိမ် ခေါင်းကို
ဖွင့်ကြည့်ကြရာ မျက်လုံးများ ဖွင့်၍ ကြည့်နေသဖြင့် မသေသေးမှန်းသိကာ
ရွာသို့ ပြန်သယ်လာခဲ့ကြပြီး နောက်ပိုင်းတွင် ကိုရင် ၀တ်ပေးလိုက်ကြသည်။ဦးပညောမှာ စာသိပ်မတတ်ဟု
ဆိုကြ၏။သို့သော် ဦးပညောခေါ် ဖိုးပြင်ချောမှာ
ရွာကိုလည်း ဒုက္ခမပေးဟု ဆို၏။အနှီ ဖိုးပြင်ချောသည် ကျောင်းမိုးမလုံ၍လည်း ရွာကို အမိုးပြင်ပေးဖို့
မခိုင်းဟုဆို၏။ ဤဘက်မှာ မိုးယိုလျှုင် ဟိုဘက်ပြောင်း၍ ကျိန်းစက်၏။သည်ဘက်မှာ မိုးယိုလျှင်
ဟိုဘက်မှာ ပြောင်း၍ နေသည်ဟုဆို၏။ ဆွမ်းဟင်း
မကောင်း၍လည်း မငြီးငြူ။ရွာထဲ၌ ဟင်းပေါ်သည်ဆိုလျှင် သူ့ကျောင်းသားများ စားရန် ၀ယ်ချက်ပေးလေ့ရှိသည်
ဟု ဆို၏။ထန်းရည်ခါးလည်း အတော်ကြိုက်ရှာသည်ဟုဆို၏။ရွာထဲမှ ဦးတင်မောင်နှင့်ကား အတော်ကလေး
ခင်မင် ရင်းနှီးသည်။(ဦးတင်မောင်ကား ဦးရွှေလွန်၏ သားအကြီးဆုံး ဖြစ်၏။ငယ်စဉ်က သားအဖနှစ်ယောက်
စကားများကြရာ မင်းသေလည်းငါမလာဘူး။ငါသေလည်း မင်းမလာနှင့် ဟု ခွန်းကြီးခွန်းငယ် စကား
များကြသည်ကိုသာ မှတ်မိတော့၏။ ဥိးတင်မောင်ကား ဦးရွှေလွန်၏အရင် သေသွား၏။)အနှီ ဦးတင်မောင်ကား
ညနေကြလျှင် ဦးပျင်ချောရှိရာသို့ ရောက်လာပြီး ကိုယ်တော် လန်ကျက် ဟု ဆိုလျှင် ဖိုးပျင်ချောမှ
ဖယောက်အား ဟု ပြန်၍ ဆို၏။သူတို့ အထာနှင့် သူတို့ပင်။ တစ်ယောက်က လက်ကျန်ချမယ်ဟု ဆို၏။တစ်ယောက်က ဘုရားအောက်မှာ ဟု
ဖြေ၏။ ဖိုးပျင်ချောသည်
၁၃၃၂ခုတွင် သက်တော် ၅၁နှစ် ပျံလွန်တော်မူ၏။(ဖိုးမြတင်ထက် တစ်နှစ်ငယ်သည်ဟု ဆို၏။ဖိုးမြတင်ကား
၁၂၇၉တွင် ဖွားမြင်၏။) ရွာဘုန်းကြီးကျောင်း၌ ဖိုးပျင်ချောတစ်ပါးသာလျှင်အနှစ် (၂၀)ကျော်အောင်
ကျောင်းထိုင်ဖူးချေ၏။ ကျန်ဘုန်းတော်ကြီးများအနက်
ဖိုးနန္ဒိယ ၁၆နှစ် ထိုင်သည်မှ လွဲ၍ ၁၂နှစ်ကျော်အောင်
ကျောင်းထိုင်ဖူးသည်မရှိချေ။ ကျောင်းရေတွင်းခန်းမှ ဘုန်းကြီးမြဲတော့မည်ဟု အဆိုတော့ ရှိလေ၏။ယခု
ရေတွင်းကို မသုံးကြတော့ချေ။သို့သော် ဘုန်းကြီးကား မမြဲချေတကား။
ပျံလွန်တော်မမူမီ
ကျွန်ုပ်၏ ဦးလေးဖြစ်သူ ဦးသာဂရမှ သွားရောက်
လည်ပတ်ဝတ်ဖြည့်ရာ ဖိုးပညောမှ မောင်သာဂရ မင်း ကျောင်းမထိုင် သေးဘူးလား ဟု မေးသည်။မောင်သာဂရမှ
ဘယ်ကျောင်းထိုင်ရမှာလဲ။ ကိုယ်တော့်ကျောင်း ပေးမှာလား ဟု မေးမြန်းမိသည် ဆို၏။ ဖိုးပညောမှ မင်းထိုင်ချင်ရင် ရပါတယ် ဟုဆို၏။စကားထိပ် နိမိတ် ဟုဆိုသည့်အတိုင်း ဖိုးပညောလည်း
ထိုနှစ်မှာပင် ပျံတော်မူလေ၏။ဤအကြောင်းကို ဦးလေးမှ စကားစပ်မိတိုင်း ကျွှန်ုပ်အား ခဏခဏ
ပြောပြဖူးလေ၏။ ဖိုးပျင်ချော ပျံတော်မူလျှင်
ဖိုးကျောက်တင်တို့ ရင်ခွဲ၍ မီးကင်ကြရာ မူးမူးနှင့် မီးကင်ကြသည့်အတွက် အလောင်းမှာ မီးလောင်
သွားသဖြင့် အတော်ကြာအောင် မီးသတ်ရသည် ဆို၏၊ရွာနှင့်လည်း အတော်ကလေး စကားများကြသည်ဟုဆိုသည်။(ရွာရပ်တို့၏ဓလေ့သည်
မကောင်းချေ။ဘုန်းကြီးပဲ သေပြီးလျှင် သင်္ဂြိုဟ် ရန်သာ ရှိသည်။သို့သော် ဘုန်းကြီးပျံပွဲ
ကျင်းပရန် ဘုန်းကြီးအလောင်းကို လေးငါးခြောက်လ သိမ်းထားကြခြင်းသည် မကောင်းချေ။ကျန်းမာရေး
ရှုထောင့်မှ ကြည့်လျင် ပို၍ပင် အဆင်မပြေလှချေ။သို့ဖြစ်၍ ဤစံနစ်ကို ပြုပြင် သင့်လှပေ၏။)
ဘုန်းကြီးပျံ မကျင်းပမီ ဘုန်းကြီးအလောင်းခေါင်းကို အနောက်ဘက် ဇရပ်ပေါ်၌ ထားကြသည်ဆို၏။ယခုကား
အဆိုပါ ဇရပ်သည်လည်းကောင်း၊ အရှေ့ဘက် ဇရပ်သည်လည်းကောင်း မရှိတော့ချေ။
ဦးပျင်ချော၏ အနွယ်များ မှာ
ဤသို့တည်း။
ဦးဖိုးရိတ် (ရွာသစ်)
ဦးဖိုးရင်(ရွာသစ်ကုန်း)
မစိန်ရင်+ဦးလှဘော်
ဦးဖိုးရှင်+မစောရင်
မစိန်တင်+ဦးဖုန်းငို
ဦးသက်ပြန်(ဦးပညောဘာသ)
ဦးဖိုးရှင်+မစောရင် -------ဦးတင်ရှောင်၊ဦးတင်အောင်
မစိန်တင်+ဦးဖုန်းငို ------ဦးဖဲမောင်၊ဦးငွေမောင်း၊ဦးငွေသောင်း၊မဂွက်တော်၊မလုံး၊မပြုံး။ (ဆက်ရန်)
No comments:
Post a Comment