ဤကဲ့သို့ အနီး၌ဖြတ်လျှောက်သွားသော ပဂ္ဂိုလ်တို့ကိုသာမက ကောက်စိုက်သူမတို့မှာ
မိမိတို့ ကောက်စိုက်ယင်း မြင်လိုက် ရသော တောငှက်တိရစ္ဆာန်တို့ကိုပါ ထည့်သွင်း၍ သီဆိုတတ်ကြသေးသည်။ကျနုပ်တို့ငယ်စဉ်က
ပထမတန်း မြန်မာစာ ဖတ်စာအုပ်၌ သင်ခဲ့ရဖူးသော ကဗျာကလေးကို မှတ်မိကြဦးမည် ထင်ပါသည်။၎င်းတို့
ကောက်စိုက်ရာ ကောက်ငန်း အနီးမှ ဖြတ်ပြေးသော ယုန်ကလေးကိုပင် ၎င်းတို့၏ သီချင်းတွင် ထည့်၍
သီဆိုကြသည်။
ပျိုလေးတို့ ငန်းဦး
ယုန်ကူးလို့ ပြေး ကြည့်လိုက်ကြဟေ တောခြေမှာ ရွှေယုန်နက်ကယ်
ထိပ်ကွက်နဲ့လေး။
ရွှေဗျိုင်းဖြူရယ်လေ
ရေချိုကန်ရိုး ငါးကောက်ခဲ့ ဗျိုင်းရေ ဗျိုင်းရေ ဗျိုင်းရေ
ဗျိုင်းရေ ရေ။
လှေပေါ်က ကြက်တူရွေးရယ် လှေပြေးတိုင်းလှော် ပြေးတိုင်းလှော်
ရွှေခဲရေ တော်တော်လှော်ပါ့
တော်တော်လှော်ပါ့
အားတော်ကသေး။
ရှေးယခင်က ယနေ့ခေတ်ကဲ့သို့ ရေတင်စက်မျာ မရှိကြချေရာ လယ်နိမ့်သည့်ဘက်မှရေကို
မြင့်သည့်လယ် ဘက်သို့ ပို့လိုလျင် ခနွဲဆိုသည့် ကိရိယာကို သုံး၍ လက်နှင့်ထိုးတင်ကြရသည်။ယင်းကို ခနွဲထိုးသည်ဟု ခေါ်သည်။ခနွဲပြုလုပ်ရန်
လူတစ်ရပ်ကျော်မြင့်သော ၀ါးလုံး သို့မဟုတ် တိုင်ငယ်သုံးချောင်းကို ကြီုးချည်၍ မြေပြင်တွင်
ထောက်လိုက်ပါ။ထိုအခါ သုံးချောင်းထောက်တိုင် တစ်ခု ရရှိမည်။ တစ်လံကျော်ကျော်ရှည်သော
ကြိုးတစ်ဘက်ကို သုံးချောင်းထောက်၏ အထက်ဘက်၌ ချည်ပါလေ။ပြီးလျင် နှစ်ဂါလန်ခန့်ဆန့်သော
ရေပုံးငယ်တစ်ခုကို တစ်လံလန့်ရှိသော တုတ်တစ်ချောင်း
ထိပ်တွင် ကြိုးဖြင့် ခိုင်မြဲအောင်ချည်ပါလေ။ပြီးလျင်
သုံးချောင်ထောက်မှ ကျနေသော ကြိုးစကို ရေပုံးအနီး၌ ချည်ပါ။သို့ဆိုလျင် ခနွဲဆင်၍ ပြီးဆုံးပြီး
ရေတင်၍ ရပေပြီ။ရေပုံးနှင့် ကပ်ချည်ထားသော တုတ်၏ အဖျားမှကိုင်၍ အောက်ဘက်မှရေကို အပေါ်လယ်ဘက်သို့
ထိုးတင်နိုင်ပေပြီ။မိုးခေါင်၍ ပျိုးခင်များ ရေမရှိ၍ သေမသွားရအောင် ခနွဲကို သုံး၍ ရေတင်ကြရသည်။ကောက်စိုက်သူမ
ပျိုမေတို့မှာလည်း ပျိုတို့မောင် ခနွဲထိုးနေသည်ကိုပင် ရေနက်အောင်ထိုးဖို့ သီချင်းကလေးဖြင့်
လှမ်း၍ မှာတတ်ကြသေးသည်။
သုံးပင်တိုင် ရွှေခနွဲနဲ့ ရေနက်အောင်ထိုး နက်အောင်ထိုး ရေနက်အောင်ပါ့ ပျို့ မောင်ထွေးရဲ့
ထိုးပလေးလေး နက်အောင်ထိုး။ ။
ကောက်စိုက်သူမလေးတွေမှာ လက်ထိပ်ကလေးတွေလည်း ရွှံ့ထဲကို အမြဲထိုးစိုက်နေကြရရာ
လက်စွယ်တွေ ငုတ်လို့ အင်မတန်မှ နာကျင်လှရော့မည်။နေကပူ ရေကပူ တစ်နေကုန် ခါးကုန်း၍ စိုက်ကြရရှာလေတော့
ခင်မျာကလေးတွေ ပင်ပန်းရှာကြရော့မည်။သို့သော်ငြားလည်း သူတို့ကလေးတွေမှာ သူတို့ဆရာ ဘောက်သူကြီးကို
အနားပေးပါဦးလို့ တိုက်ရိုက် မပြောရဲရှာကြချေ။သီချင်းလေးဆို၍သာ အနားပေးဖို့ ပြောကြရရှာသည်။
သနပ်ခါး နံ့သာရေ ချွေးတွေဥလို့ ကုန်ပြီဟေ ဘောက်သူကြီး ဆရာရေ အနားပေးမှ တော်မလေ။
တစ်နေကုန်ဆုံး၍ မိမိတို့စိုက်ခဲ့သော လယ်ကလေး ပိတ်သွားလျှင်လည်း
ကျေးဇူးရှင် လယ်ကလေးကို တခုတ်တရ နှုတ်ဆက်ခဲ့ကြသေးသည်။
လယ်ညိုရွှေတုံး ပိတ်ပေပေါ့ လုံး လုံး
ပိတ်ပြီလားဟေ မိရွှေတုံးရေ ပြန်အုန်းမယ်လေ။ ။
No comments:
Post a Comment