ကောက်စိုက်တေးသံတို့ကား မည်သည့်ခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သည်
ဟု တိတိကျကျ မသိရချေ။သို့သော် ကျနုပ်တို့ ငယ်စဉ်က အလယ်တန်းကဗျာ ဖတ်စာအုပ်၌
ထမင်းရယ်ဆာ ဟာလှပေါ့လေး
လယ်ကြီးရှင် ပေါင်ကန်စင်းက
ဗန်းခင်းလို့ကျွေး
ပျိုလေးစားလို့ဝချေပြီ အီချေပေါ့လေး
ကန်စွန်းရွက် ရေလုံပြုတ်
ဟင်းလုပ်လို့ကျွေး
စိုက်ကြပါ အေတို့ရယ် ပျိုတို့မှာ ရွာဝေးလို့
ရေခပ်မီ နံ့သာသွေး မိုးချုပ်မယ်လေး ။
ဟူသည့် ညောင်ရမ်းခေတ် ကောက်စိုက်သူမတေးသံ
ကို သင်ခဲ့ကြရာ ကောင်စိုက်တေးသံများသည် ညောင်ရမ်းခေတ်တွင်
ထွန်းကားနေပြီ ဖြစ်ကြောင်း လေ့လာသိရှိရပေသည်။
ကျနုပ်တို့ တန့်ဆည်နယ်ကား
တစ်ခေတ်တစ်ချိန်က ဗုံကြီးသံ၊ကောက်စိုက်သံတို့ ထွန်းကားခဲ့ရာနေရာ ဖြစ်ခဲ့သည်။ကျနုပ်
အသက် ၂၀ခန့်ထိ အဆိုပါ ဗုံကြီးသံ၊ကောက်စိုက်သံတို့ကား ထွန်းကားဆဲပင်။သို့သော် ၁၉၈၈ ခုနှစ်
အရေးအခင်း ပြီးသကာလမှစ၍ ဗုံကြီးသံ၊ကောက်စိုက်သံတို့သည် တစတစ ပျောက်ကွယ် သွားချေတော့၏။ကျနုပ်သည်လည်း
အဒေါ်၊အမများ ကောက်စိုက်သံ ဆိုခဲ့ကြစဉ်က မှတ်သားထားရကောင်း မှန်းမသိချေ။၂၀၀၇ခုနှစ်တွင်
ရွာကိုခေတ္တခဏ အလည်ရောက်စဉ် အမကြီးများ ငယ်ဘ၀ကို ပြန်သတိယ၍ ကောက်စိုက်သီချင်းများ သီဆိုကြကြောင်း
သိရှိရသဖြင့် ရွာထဲမှ အမကြီး ၈ယောက်ကို ဘုန်းတော်ကြီး ကျောင်းထဲ ဖိတ်ခေါ်၍ ကောက်စိုက်သီးချင်းများကို
သီဆိုစေကာ အသံသွင်းထားရ၏။တိပ်ခွေနှစ်ခွေစာ သီဆိုပေးသွားကြ၏၊သို့သော်လည်း သူတို့ မဆိုဖြစ်သည်မှာလည်း
အနှစ်၂၀ ကျော်သွားပြီ ဖြစ်လေရာ သူတို့ဆိုခဲ့ဖူးသော သီချင်းအားလုံးကို မမှတ်မိနိုင်ကြတော့ချေ။သီချင်းများကိုသာမက
တစ်ချို့သော သီချင်းစာသားများကိုပင် ကောင်းမွန်စွာ မမှတ်မိပဲ ရှိချေ၏။ဝမ်းနည်းစရာပင်။
အဆိုပါ အမကြီးများ သီဆိုပေးခဲ့သော ကောက်စိုက်သီချင်းများကို ၁၉၉၈ခုနှစ် စာပေဗိမာန်စာမူဆုရ
စာရေးဆရာလွင်ဦး ရေးသားသော သဘာဝသာတဲ့ မောင်တို့ရွာ စာအုပ်မှ တန့်ဆည်နယ် ကောက်စိုက်သံများနှင့်
တိုက်ဆိုင် စစ်ဆေးကြည့်သောအခါ တွင်လည်း တစ်ချို့တစ်လေသာ တူသည်ကို တွေ့ရသည်။ကျနုပ်တို့ရွာနှင့်
ရွာချင်းကပ်နေသည့် ကန်ကလေးကုန်းရွာ ကောက်စိုက်သံနှင့်ပင် မတူညီသည်ကိုလည်း တွေ့ရချေသည်။သို့ဖြစ်၍
အဆိုပါ ကောက်စိုက်သံများကို ကျနုပ်မှ မှတ်တမ်း မတင်လျှင် မည်သူမျှ စိတ်ဝင်စားဖွယ် မရှိ၍
ကျနုပ်မှ သမိုင်းတစ်ခေတ်မှ ကာက်စိုက်တေးသံတို့ကို မပျောက်ပျက်ရလေအောင် စုဆောင်း၍ ရေးသားရပေတော့သည်။ ကောက်စိုက်သံဆိုသည်မှာ
ကောက်စိုက်သူမတို့ ကောက်စိုက်ယင်း သီဆိုကြသော သီးချင်းကို ခေါ်သည်။ ကောက်စိုက်သူမတို့
ကောက်စိုက်ကြရာတွင် တစ်ဖွဲ့လျင် လူနှစ်ဆယ်ကျော် သုံးဆယ်အထိ ပါရှိတတ်သည်။အဆိုပါ တစ်ဖွဲ့ကို
ဘောက်ဟုခေါ်ကြသည်။အဆိုပါ ဘောက်တစ်ဘောက်လျင် ဘောက်သူကြီးဟုခေါ်သော အမျိုးသား တစ်ဦး ပါရှိသည်။သူကား
အဖွဲ့ခေါင်းဆောင်ပင်။သူ့ကို ပျိုးလက်ချဟူ၍လည်းခေါ်လေသည်။ကောက်စိုက်သူမတို့ကား ဘောက်သူကြီး
အမိန့်ကို နာခံကြရသည်။အဆိုပါ ကောက်စိုက်သူမတို့ ကောက်စိုက်ရာတွင် ဘောက်သူကြီးက ပျိုးစည်းကို
လက်တစ်ဆုပ်စာခန့်ခွဲ၍ ကောက်စိုက်သူမတို့၏ နောက်ဘက်၌ ချပေးရသည်။ကောက်စိုက်သူမတို့က ဘောက်သူကြီး
အသင့်ချပေးသော ပျိုးပင်များကိုယူ၍ ကောက်စိုက်ကြရသည်။ကောက်စိုက်သူမတို့တစ်ဖွဲလုံးတစ်ပြိုင်နက်တည်းစိုက်သွားရသောအကျယ်အ၀န်းကိုငန်းဟုခေါ်သည်။လယ်တစ်ကွက်၏အကျယ်အ၀န်းကို မူတည်၍ သုံးလေးငန်းအထိ စိုက်ကြရလေသည်။လယ်တစ်ကွက်လုံး
ကောက်စိုက်၍ ပြီးဆုံးလျင်ကား လယ်ပိတ်သည် ဟုခေါ်သည်။ လယ်တောများအားလုံး စိုက်ပျိုး၍ ပြီးဆုံးချိန်ကို
ထွန်တုံးပိတ်ချိန်ဟု ခေါ်သည်။ ကောက်စိုက်သီချင်းဆိုရာတွင်
ဘောက်သူကြီးမှ မည်သူနှင့်မည်သူသည် လိုက်ဖက်သည်ဟူ၍ တွဲဖက်ပေးလေ့ရှိသည်။ကောက်စိုက်သီချင်းဆိုရာတွင်
လူနှစ်ဆယ်ပါသည့် ဘောက်တွင် ပထမဆုံး နှစ်ယောက်က စဆိုလိုက်လျင် အဆိုပါ သီချင်းစာသားကို
နှစ်ယောက်တစ်တွဲ ဆိုသွားကြရသည်။ သို့ဖြစ်၍ သီချင်းစာသားတစ်ခုသည် လူနှစ်ဆယ်ရှိသော ဘောက်တွင်ဆယ်ခါပြန်ဆိုသွားကြရပေသည်။နောက်ဆုံးတစ်တွဲသီဆို၍ပြီးဆုံးလျင် ပထဆုံးအတွဲမှ
ဒုတိယသီချင်းစာသားကိုဆက်၍သီဆိုရသည်။ အသင်မိတ်ဆွေတို့သည် ကောက်စိုက်သူမတို့
ကောက်စိုက်ရာသို့သွား၍ သီချင်းဆိုသံကို နားထောင်ရဲပါသလား။ကျနုပ်တို့ မဆိုထားဘိ။ဘုန်းတော်ကြီးပင်
ဖြတ်မလျောက်ရဲချေ။ကောက်စိုက်သူမတို့ကား ကဗျာဥာဏ်ရွှင်ကြကုန်၏။အနီးမှ ဖြတ်လျောက်သွားသော
ပုဂ္ဂိုလ်တို့၏ သွင်ပြင်လက္ခဏာကို ကြည့်၍ စာချိုးတတ်ကြ၏။ဘုန်းတော်ကြီး ဖြတ်လျောက်သွားလျင်
သူတို့ဆိုသော သီးချင်းသံကို မိတ်ဆွေတို့ ရှုစားပါလေ။သူတို့ သီချင်းသံကို ကြားက ဘုန်းတော်ကြီးလည်း
ငယ်ပါကို လက်နှင့်မ၍ ပြေးရဖွယ်သာရှိချေ၏။
တို့ကျောင်းတောင်က ချဉ်ပေါင်ခင်း ယုန်ဖိုယုန်မဆင်း
ဘီလူးမကြီးက
ဆွမ်းပို့လာ ငါးတုံးပါသလား ငါးကျော်ပါသလား
မမေးကောင်းဘူး
ဒကာမရယ် အာပတ်သင့်တတ်တယ်
အာပတ်ဆို
ချိုနဲ့လာ ဘုန်းကြီးကာလသား
ကာလသားမို့
မှန်ပါစေ ဘုန်းကြီးလဗျင်းရှေ
လဗျင်းရှေ
ပေနဲ့ညှပ် ဘုန်းကြီးလစေ့ပြတ်။
ထို့ထက်ဆိုးသော သီချင်းများလည်းရှိချေသေး၏။ကျနုပ်၏အမများသည်
ကျနုပ်အား အားနာ၍ လည်းကောင်း၊ ဘုန်းတော်ကြီးဆင်းရိုက်မည်ကို ကြောက်၍လည်းကောင်း ဆိုမပြကြချေ။နောက်တစ်ခေါက်ရွာရောက်မှ
ချော့၍ ဆိုခိုင်းရဦးမည်။