Saturday, October 17, 2020

ဘုံဘ၀မှာ ကြုံရပါ(၁၆)

 

ဘုံဘ၀မှာ ကြုံရပါ(၁၆)
 
သိက္ခာနှင့် မလဲခဲ့သည့် ထိုတစ်ကျပ်။
ထို့အတွက်တော့ ဘ၀မှာ စိတ်ထဲတွင် သန့်စင်နေသည်။
အချိန်က ၁၉၉၁ နှစ်ဦးပိုင်းကာလ။
ဆရာမှိုင်းတစ်ယောက် ဖားကန့်ကြီးမှော်ထဲ ခေါက်စားထမ်းပြီး ဘ၀တစ်ကွေ့ကို ဖြတ်သန်းနေရတဲ့အချိန်။
ထိုစဉ်က ကျောက်တူးကြသည်ဆိုသည်က တစ်လံလောက်ရှည်သည့် သံတိုင်ကြီးများက လက်ကကိုင်၍ လက်နှင့်တူးနေကြရသည့်အချိန်။
မှော်က မှော်ကလုံ
လောပန်းက ဦးဖိုးရုံ
စားရတော့ ရွှေဖရုံ။
အကြံကုန်ရင် သံတိုင်ရောင်း
ဆန်ကုန်တော့ လောပန်းပြောင်း ဆိုသည့် အချိန်။
ကျင်းသားတွေက သူတို့ဘ၀တွေကို သို့ကလို စာစပ်ထားကြသည်။
ဖားကန်တစ်ခွင် ကြည့်လေရာရာ စိမ်းစိုနေသေးသည့်အချိန်။ ဘယ်သဘာဝပတ်ဝန်းကိင်မှ ပြောသလောက် မထိခိုက်သေးချေ။ ကြည့်လေရာရာ ပြာမှိုင်းသော တောင်တန်းကြီးများက သဘာဝအလှတရားကို ဖန်တီးပေးနေသယောင်။ သို့သော် အနယ်နယ်အရပ်ရပ်က စီးပွားလာရှာသူတွေ များပြားလာသဖြင့်
သစ်တောဝါးတော ပြုန်းတီးမှု အနည်းငယ်တော့ ရှိပေလိမ့်မည်။ တောင်တန်းတောင်ကုန်းတွေကတော့ တစ်ခုမှ မပြုန်းတီးသေးချေ ။ လက်နှင့်တူးကြရသည်ဖြစ်ရာ တောင်ကုန်းကြီးတွေကို မတူးနိုင်။ မြေပြန့်ကြသော နေရာများကိုသာ တူးနေကြရသည်။
ဖားကန့်ကြီးမှော်ဆိုသည်ကား ဖားကန့်နှင့် မျက်နှာချင်းဆိုင်ရှိ ဥရုချောင်းတစ်ဘက်ကမ်း မရှိကထောင်ရွာ၏ အနောက်ဘက်ကပ်လျက်က တောင်ကုန်းအမြင့်ကြီး၏ အနောက်ဘက်ကို ခေါ်သည်။ အဆိုပါတောင်ကုန်းကြီးနှင့် ဥရုမြစ်ဘေး ကြားထဲရှိ ရွာငယ်တစ်ရွာစာလောက်ရှိသည့် နေရာကို ဖားကန့်ကြီးမှော်ဟု ခေါ်ကြသည်။
အဆိုပါ ဖားကန့်ကြီးမှော်၏ အရှေ့ဘက်ခြမ်း တောင်စောင်းတွင်ကား ခေါက်စားတဲကလေးများ ပြည့်ညပ်နေသည်။ ခေါက်စားတဲဆို၍ တဲအကြီးကြီးများဟု မထင်လိုက်ပါနှင့်။ တိုင်လေးတိုင်ကို စိုက်ပြီး ရုန်းရွက်မိုး သို့မဟုတ် ပလပ်စတစ်မိုးပြီး ပီနန်အိတ် ၊ ဂုံနီအိတ် သို့မဟုတ် သစ်သီးသစ်ရွက်ထည့်သည့် အိတ်များဖြင့် ကာရံထားကြသည့် တဲကလေးတွေသာ။ အနယ်နယ်အရပ်ရပ်မှ စီးပွားလာရှာကြရာ ဘ၀တွေကို ဖြစ်သလို ရုန်းကန်နေကြရခြင်းပင်။ အဆိုပါ ခေါက်စားတဲများ၏ အနောက်ဘက်နားတွင်တော့ မောင်ကျော်ဘ၏ ကျင်းသားများနေသည့် တဲကြီး။ သံဆူးကြိုးတွေ ကာထားသည်။ စလောင်းတီဗွီနှင့် စည်းစိမ်အပြည့်။ ခေါက်စားသမားများ အခြားကျင်းသားတဲများနှင့်ကတော ငရဲပြည်နှင့် နတ်ပြည်။ ကွာချင်တိုင်း ကွာလှသည်။ အနှီမောင်ကျော်ဘကား ထိုအချိန်က မြစ်ကြီးနား မြောက်ပိုင်းတိုင်း တိုင်းမှူးဘ၀ကိုး။ ဖားကန့်ကြီးမှော်၏ အကောင်းဆုံးနေရာကို မောင်ကျော်ဘက အပိုင်သိမ်းထားခြင်းပင်။
ကျနုပ်ကား အနှီကျော်ဘကျင်းသားတဲ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ကျင်းသားတဲတစ်ခု၏ ဘေးနားတွင် တဲကလေးထိုးကား ခေါက်စားထမ်းနေရသည်။ လေးတိုင်စင်တဲကလေးကို
ပလပ်စတစ်၊ဂုံနီအိတ်တွေကာထားရတယ်။ အိပ်ရတာက သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာမြကျောက်ဖြာပေါ် မဟုတ်။ ဆရာမှိုင်းရဲ့ ပံသုကဗလာ မြက်ချောက်ဖျာပေါ်မှာ။ မြေကြီးပေါ် မြက်ခြောက်တွေခင်းပြီးအိပ်ရရဲ့။ အဲသည်ကျင်းသားတွေတဲနားမှာ တဲဆောက်နေသဖြင့် သူတို့ကျင်းမှာ ခေါက်စားထမ်းပေးရမည်။ ဈေးနှုန်းကတော့ သိပ်မကောင်း။
ထိုအချိန်က ဖားကန့်သည် စပေါ့ချောင်းဖျား အရေးအခင်းပြီးစ ဖြစ်သဖြင့် အားလုံး ကျပ်တီးနေကြသည့်အချိန်။ ခေါက်စားထမ်းခကလည်း ဟိုဘက်နှစ်တွေကလို မရကြတော့။ ကျနုပ်ကား အဆိုပါ အကြပ်အတီးဆုံးကာလ၌ ရောက်သွားခြင်းပင်။
ခေါက်စားသမားတွေက စာချိုးထားသည်။
စားပြီးသောက်ပြီး ခြေသလုံးကြီး။
အိမ်ပြန်လက်ဆောင် မက်ကလောင်။
တစ်နေကုန် ကျောက်ကျင်းထဲ ဆင်းပြီး စောကူခေါ်သည့် ဂေါ်တောင်း နှစ်ခုထဲ မြေစာတွေ ထည့်ပြီး ထမ်းပိုနှင့် လျှိုထမ်းကာ ကျင်းထဲက တက်ပြီး တစ်ပြခွဲ နှစ်ပြလောက် ဝေးသည့် ဥရုချောင်းဘေး သွားသွန်ရသည်၊ သို့ကလို ကျောက်ကျင်းထဲ ဆင်းလိုက်တက်လိုက် အခေါက် ရှစ်ဆယ်တစ်ရာလောက် လုပ်နေရသဖြင့် အဘယ်မှာလျင် ခြေသလုံးသည် မကြီးပဲ နေနိုင်ပါချေမည်နည်း။ တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်ရတော့ ညောင်းညာကိုက်ခဲလာသည်။ အရေးပေါ် ဆေးဝါးကတော့ နို့ဆီဗူးဖင်နှင့် ဂုတ်တွေ လက်မောင်းတွေကို ဖြစ်ရသည့် မက်ကလောင် ခြစ်ခြင်းသာ။ တစ်ခါတစ်လေ လက်မနှင့် လက်ညှိုးဖြင့် ညှပ်ကာ လည်ပင်းကို ဆွဲရသည်လည်း ရှိသေးသည်။ သို့ကလို လုပ်လိုက်မှ ပေါ့ပါးလာသည်။ ဆရာမှိုင်းလည်း မက်ကလောင် အခြစ်ခံခဲ့ရသည်မှာ အခေါက်ပေါင်း မည်ရွေ့မည်မျှ ရှိသည်ကိုပင် မမှတ်မိတော့ချေ။
သို့ကလို ခေါက်စားထမ်းကြတော့ ကျနုပ်နှင့်အတူ ကန်ကလေးကုန်းက ဦးဒေါန ကိုတင်သိန်းနှင့် ကျနုပ်နှင့် ဆယ်တန်းအတူအောင်သည့် ဖိုးမှိုင်းတို့ အတူထမ်းကြသည်။ မနက် ခေါက်စာစထမ်းမည်ဆိုလျင် ခေါက်စားစာရေးဆီမှာ အမည်စာရင်းပေးပြီး တုံကင်နံပတ်ပြားကလေး ယူရသည်။ ကျင်းထဲမှ ခေါက်စားထမ်းလာပြီး အနှီခေါက်စားစာရေးရှေ့ကဖြတ်လျင် မိမိနံပါတ်ကို အော်ပြောခဲ့ရသည်။ ကျောက်ခဲကြီးကို ထမ်းခဲ့လျင်တော့ လုံကဘာ ဟု အော်ပြောခဲ့လျင် နှစ်ခေါက်စာ ပေးသည်။ နှစ်ပြလောက်ဝေးသည့် ချောင်းဘေး သွားသွန်မှ တစ်ခေါက်လျင် တစ်ကျပ်သာရသည်။ တစ်နေကုန်တော့မှ ၁၂၀သာ ရသည်။ ဒါတောင် ကျုပ်အများဆုံး ရတာရယ်။
ညနေပိုက်ဆံထုတ်တော့ ဖိုးမှိုင်းတို့ ကိုတင်သိန်းတို့အုပ်စု တစ်ရာနီးနီးရနေသည်။ သည်လူတွေ ဘာမှလည်း အားကျိုးမာန်တက် မလုပ်ပဲ ဘယ့်နှယ်ရပါလိမ့်။ သူတို့အလွန်ဆုံး ရလှမှ ၆၀လောက် ၇၀လာက်ပေါ့။ ကျုပ်က တွေးမိသည်။ ဘယ့်နှယ် ကျုပ် သုံးခေါက်ပြန်လို့တောင် သူတို့တစ်ခေါက်မပြန်သေးပေါ့။ နောက်မှ မေးကြည့်တော့ ခေါက်စားစာရေးနှင့် ပင်းပြီး ခေါက်ရေ ခိုးသည် တဲ့။ သူတို့ရတဲ့အထဲက ခေါက်စားစာရေးကို၂၀/၂၅ ပြန်ပေးရသည်တဲ့။ မင်းလုပ်ချင်ရင် မနက်ဖန် ငါတို့ပြောပေးမယ်တဲ့။
တော်ပါ ကွယ်။ ပိုက်ဆံတစ်ကျပ်တစ်ပြားနှင့် ငါ့သိက္ခာတော့ အပဲ့မခံနိုင်ပါဘူး။ သူများဆီကငွေလည်း ငါအချောင်မရချင်ဘူး။ ငါ့လိပ်ပြာလည်း ငါမလုံဘူး။ သည်လိုမျိုလည်း ငါ လုပ်မစားချင်ဘူး။ ဘယ်တော့မှလည်း မလုပ်ဘူးကွာ ဆိုပြီး သူတို့လို လိုက်မလုပ်ခဲ့ချေ။ မင်း အတော် အတဲ့အကောင်ပဲတဲ့။ အင်း သူတို့ပြောသလို ကျုပ်ကလည်း ဘယ်နေရာဖြစ်ဖြစ် အတော် အ ခဲ့ချေသည်။ သို့သော် သို့ကလို အ ခဲ့သဖြင့် ယနေ့ထိ ကိုယ့်စိတ်ကို သံသယကင်းသည်။ ဖြူစင်သေးသည်။
ညပိုင်းတွင် ထမ်းကြပြန်တော့ ခေါက်စားသမား တစ်ရာနှစ်ရာလောက် မီးပြောင်းတွေအောက်မှာ ထမ်းကြတော့ ဦးဒေါနကြီး ဘယ့်နှယ် ငါ့ထက် ပိုက်ဆံတွေ ပိုပိုရနေပါလိမ့်။ မသင်္ကာတာနှင့် ကျုပ်က လိုက်ကြည့်တော့။
ဦးဒေါန မြေစာတွေ မသွန်ပဲ ပြန်လာပြီး ခေါက်စားစာရေးရှေ့က ပြန်ဖြတ် သူ့နံပါတ် ပြန်အော်။ အတော်ကို ဇိမ်ကျနေချေသကိုး။ သူကား မြေစာတစ်ထမ်းနှင့် ကျင်းကိုလည်းမပြန် ဥရုချောင်းထဲလည်း မသွန်ပဲ မြေစာတစ်ထမ်းနှင့်သာ ညတွက် စည်နေတော့ချေသည်။
သူတို့ဟာနှင့် သူတို့တော့ ဟုတ်နေကြသည်။ ကျုပ်ဖြင့် ကိုယ့်စိတ်ကိုယ်ကို မလုံတာ။ အ တယ်ပြောလည်း ကျုပ်
ခံရတော့မည်။
၂၀၀၇ မှာ ဟိုတယ်လောကကို ကျောခိုင်းပြီး ရွာက ယာတောထဲ စိတ်အပန်းဖြေဖို့ တစ်လလောက်သွားနေသည်။ ရွာက သူငယ်ချင်းတွေက သည်ကောင် ဟိုတယ်မန်နေဂျာလုပ်ပြီး ခိုးဖွက်လာလို့ တောထဲလာပုန်းနေသည်တဲ့။ ဟိုတယ်က ထွက်မယ်ဆိုတော့ ပိုင်ရှင်အမကြီးကို အမကြီးဆီက ကျုပ်ယူထားတာ ကြိမ်ခုံတစ်လုံးပဲ။ အဲသာ ကျုပ်က ပိုက်ဆံပေးမယ်ပြောထားပြီးသား ။ အဲသည်တစ်ခုပဲ အကြွေးရှိမယ်လို့ ပြောပြီး ဘယ်လောက်ပေးရမလဲ အမဆိုပြီး ရှင်းရတယ်။ မယူပါဘူး ဟိုအမကြီးကလဲ။ သူတို့ဟိုတယ် ကျုပ်ဘယ်လောက် လုပ်ပေးခဲ့သလဲ
သူသိတာပေါ့။ သူတို့ဟိုတယ် ကျေးဇူးရှိပါတယ် ကျုပ်မှာ။ မြေကွက်ကလေး နှစ်ကွက်ရလိုက်လို့။ မခိုးပါဘူး ငါ့လူတွေ။ ကျုပ်ဖာသာ လေယာဉ်ဘက်မှတ် သင်္ဘောလက်မှတ် ဒေါ်လာငွေလဲ ဟိုတယ်ခရီးစဉ် စီစဉ်ပြီး ရောင်းလို့ရတဲ့အမြတ်ငွေနဲ့ ၀ယ်နိုင်သာပါ။
သူများ ပစ္စည်း မတရားယူရင် တစ်မျိုးမျိုးနဲ့ ပြန်ကုန်တာဟ ဒကာကြီးရတဲ့။ တစ်ခေါက်က သကြ့င်္န်မှာ တရားထိုင် တော့ ဘုန်းကြီးတစ်ပါးနဲ့ စကားစပ်မိလို့ ဘုန်းကြီးက မိန့်တာ။ သူတို့ဆီက လူတစ်ယောက် နိုင်ငံတော်က ကျောင်းအတွက် ပေးတဲ့ငွေ ရပ်ကျေးဥက္ကဌနဲ့ ပေါင်းပြီး ဘတ်လိုက်တာ ။ သူ့သား ဆိုင်ကယ်လဲတာ ကျိုးကန်းပြီး ဘုန်းတဲ့ငွေ ကုန်ပါရောလားတဲ့။ သည်ဟာတင်ကုန်တာ မဟုတ်ဘူး ဒကာကြီးရ သည်ဟာတွေက သံသရာမှာ နောက်ကနေ တန်းလန်းလိုက်နေတာ သူတို့မသိဘူးတဲ့။
ဒကာကြီး ပြောတဲ့ ငွေတစ်ကျပ်နဲ့ သိက္ခာတော့ အကျမခံနိုင်းဘုးဆိုတာ။ အဲဒါကမှ သိက္ခာရှိသေးတာ ဒကာကြီးရ ။

No comments:

Post a Comment