Friday, July 31, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ (၁၁)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ (၁၁)

တိုင်းမြန်ပြည် ပြေခွင်တစ်ဝှန်းမှာဖြင့်
နှိုင်းစံမမှီ ရေပြင်လွှမ်းပါလို့
လှိုင်းထန်လို့ဟီကာ ရေတသွင်သွင် ကြမ်းတာကြောင့်
မြေပြင်တောင် စမ်းကာမရနိုင်ဘု
အနေပင်ပန်းကာ အစားအအိပ်ပါခက်ကြရသမို့
မသေခင် ပရမ်းပတာဖြစ်အောင် အနှိပ်စက်ခံနေသလိုမျိုးနဲ့
မအေရိုးတွေ စံပြီးရင်းစံရအောင်
တို့ပြည်သူတွေ အခြေအနေဆိုးကာ ခံချီးနေရသဟဲ့
မနိတ်ပြန် အတိတ်ကံဆိုးကို
တိုးလို့သာ ညိုးချင်လှသဟဲ့ဖေရိုးမကံ။
စနစ်အခြေ အဟုတ်ဆိုးကာ မကောင်းတော့
သစ်တွေ ခိုးထုတ်ကာရောင်းစားတဲ့
အမျိုးမျိုး ရှုတ်ကာ ကောင်းစားနေတဲ့
ဂျပိုးတရုတ်မသာသူတောင်းစားတွေကိုတောင်
နှစ်နိုင်ငံ ချစ်ကြည်ရေး အမြစ်တည်ရေးကို
မချွတ်ထိန်းထမ်းကာထားရပါသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး
တသက်တကျွန်း ပြစ်ချက်ကို ရှစ်ရက်နှင့် လွှတ်သတဲ့
ရာဇ၀င် သမိုင်းတစ်သက်မှာဖြင့် ရိုင်းချက်က ကမ်းကုန်
အစွမ်းကုန်အောင် ရှက်စရာကောင်းပုံများ
မှိုင်းတစ်သက်မှာ တစ်ခါသာ အကြောင်းဆုံချင်သကွဲ့ ။
နှောင်းလာမယ့်ကလေးတိုင်းသိအောင်
တိုင်းမြန်မာ ဘ၀င်မှာ ငိုလောက်အောင်
မှိုင်းဆရာ လင်္ကာဆိုခဲ့မကွဲ့
ညမှိုလောက်တောင် သက်မရှေတယ် ရှက်သေစရာကောင်းတဲ့ တစ်ကျွန်း။
ညမှိုလောက်တောင် သက်မကြာတယ် ရှက်စရာကောင်းတဲ့ တစ်ကျွန်း။
သမိုင်းတစ်သက်မှာ နှိုင်းခက်စရာ ရှစ်ရက်လေးသာကြာတဲ့ တစ်ကျွန်း။
သမိုင်းတစ်ခောတ် ဆန်းသစ်ရစ် ဂင်းနစ်စံချိန်ကျိုးတဲ့ တစ်ကျွန်း။
ပြည်မြန်မာ ဥပဒေဟာဖြင့် သည်ကမ္ဘာမှာ အခုဖွေရှာရင် မောမဟဲ့
ဖေဆရာ အချုပ်တန်းပြောသလို ပြောရော့ဟဲ့ ရာဇ၀င်ယုတ်အောင်
တရုတ်ကောင်မြင်ရင် ဆလံသလို့
ပလူးရ ပြေးကြို့ခါခါ ခွေးသို့ပမာတဲ့
ဆရာဖေ ဥပမာသာ
ခုယူကာသာ ဆဲလိုက်ချင်တော့သကွယ် ။
မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်ဆိုတဲ့ စကားပမာလို
သနားစရာ ရခိုင်လေးနှစ်ယောက်
နှစ်ပေါက်အောင် ယိုးဒယား အချုပ်ခန်းမှာ
ဆိုးဝါးစွာ မဟုတ်တန်းခံနေရတာတော့
တရုတ်ငရမ်းတွေလို ထုတ်လှမ်းဖို့ကြတော့
အဟုတ်ကန်းနေတဲ့ ငယုတ်ကန်းတွေက
နောဇာနာမိ ငါမသိတဲ့။
ဒါနဲ့များတောင် ကိုမင်းရာရယ်
အများပြည်သူ ထောက်ခံလျင်
နောက်တဖန်တောင် ဖြစ်ချင်ကြသေးသတဲ့။
ရှင်ရဟန်းတို့ ဆင်မြန်းဖို့ဆိုပြီး
ဝါဆိုသင်္ကန်းကပ်တာတောင် တဏှာအပို ၀င်သရမ်းတော့
အပင်ပန်းခံပြီး အသွင်ဆန်းအောင်
အာဏာရမက်ကို အခါခါမက်ရှာတော့
ကြာဖက်ကြာဖူးလေးနဲ့ ထူးအောင်လှူလိုက်ကြသေးသဟ
ကြားဖူးဆိုတဲ့ အတိတ်က
ဒင်းတို့တစ်တွေ အာဏာရူးမနေကြနဲ့ဟ
မကြာဘူးဆိုတဲ့ နိမိတ်ကို ပြသဟဲ့ ကိုမင်းရာရဲ့။
အသဲကြားက မဲတစ်ပြားတော့
လွဲမှားလို့တောင် ရမယ်မထင်နဲ့ဟဲ့
ငရဲကျားစကားကို ဆွဲငှားလို့ သုံးရရင်
အသည်းများနာလွန်းလို့ --ဗြဲပဲ စားကြတော့ဗျားလို့
ကိုမင်းရာရယ် ကျုပ်ကိုယ်စား ပြောကြားပါဘိ။

Monday, July 27, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၀)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၁၀)

(မှိုင်းဋီကာ(၉)မှ အဆက်)
ကဗျာဥာဏ်အာဘော်က ကလော်တိုင်းထွက်တာကြောင့် လို့ဆိုတဲ့
မောင်ပုညနောက်ပိုင်းမှာ မှိုင်းသခင်တစ်ယောက်သာ
နှီုင်းယှဉ်လောက်စရာ မြင်ပါသမျှ လင်္ကာချကာ ဘ၀င်မှာခပြီး
ရင်မှာတသသ စွဲကျန်အောင် ဇွဲသန်သန်နဲ့ ရေးနိုင်သဟ။
ဒါကြောင့်မို့ သခင်မှိုင်း မြင်တိုင်းကို စာစီသလို့
မြန်မာပြည်က လူတွေမနောကျအောင်
ပြည်သူတွေ ထပ်မမောရအောင်
ဆတ်ဆတ်သဘော ငါမှာတိုင်း ပြောပြာပါလေ။
ဆရာမှိုင်းတို့ နိုင်ငံသားတွေကတော့ ပြိုင်စံကိုရှားသကွဲ့။
လူ့ပြည်ကို ခဏ အလယ်သွားကြ ပြီးရင်
အပါယ်တံခါးဝကို အပေါက်ရှာ ရောက်လာကြပြန်သဟ။
နောက်မှာလည်း ရောက်လာစရာတွေကလည်း
ကြောက်စရာကောင်းလောက်အောင်ကို များသေးသဟ။
စာရင်းစစ်ထံ မပြတ်တမ်းဝင်လာပုံများဖြင့်
ဂင်းနစ်မှတ်တမ်းတောင် တင်နိုင်သေးသဟဲ့။
မသတီပြန်စရာကောင်းအောင် ပြည်ဘဏ္ဌာငွေတွေကို
အပီကြံကာသိပ်တဲ့ မီလျံနာ ဘီလျံနာငရိတ်တွေက
ထိပ်ဆုံးက ရောက်လာမှာကွဲ့ ကိုမှိုင်းရဲ့။
လေးငါးယောက်တောင် အပြေးအလွှားရောက်လာပြီးပြီကွဲ့။
မီလျံနာ ဘီလျံနာနဲ့ အရှည်မစံရပါဘူး ကိုမှိုင်းရဲ့
အတည်ခံရမှာ သေချာထားတာက သေရွာလားရင်
အသည်းနားစရာကောင်းတဲ့ ငရဲရွာပြောင်းရမှာပါပဲ။
မှိုင်းသခင်ရဲ့ တိုင်းတစ်ခွင်က မိုးကျရွှေကိုယ် ခေတ်ပျက်သူဌေးတွေကို
ဘီလျံနာဆိုတဲ့ ပေါရာဏစကားကို ပြောကာပြလိုက်စမ်းပါလေ။
အများနှင့်ဆိုင်တဲ့ပစ္စည်းကို မတရားသဖြင့်အနိုင်ယူကာ
ချစ်တီးလို အညစ်ကြီးညစ်ပြီး ပရမ်းပတာနဲ့
ချမ်းသာလာတာ ၀မ်းသာမနေကြနဲ့ဗျ။
မဝေးတဲ့ အနာဂတ်မှာ ငရဲဂတိကို ဆွဲစိခံရပြီး
အကြွေးထပ်ကာ ပေးဆပ်ရာမှာက နှစ်သန်းချီကြာပြီး
အနာကြီးနာမှာမို့ ဘီလျံနာလို့ ခေါ်သဟဲ့။
ကမျင်းမနီလောက်ရတဲ့ လစာနဲ့
လကုန်ရက်ထိတောင် အလျင်းမမှီနိုင်တာ
အတင်းပလီကာ လကမ္ဘာထိ တက်တဲ့ ကုန်ဈေးနှုန်းနဲ့
ရိုးရိုးသားသား ကြိုးစားရှာရင်ဖြင့်
ဘယ့်နှယ်လုပ် ခုန်ပြီး သူဌေးဖြစ်နိုင်ပါ့မတုန်း ကိုရင်မှိုင်းရဲ့။
လစာလေးက တစ်ပဲခြောက်ပြားနဲ့ အသောက်အစားက မကင်းသေး
သည်ကြားထဲ ဖောက်ပြားကမြင်းသေးတာက
လာလားမျှ အလိုမပြေတော့ ကားရားအိုကေဆိုလား
သွားလိုသွားကြ။အိမ်က မယားကိုကြ အမှတ်မရ
အမြတ်ရမယ်ဆိုရင်တော့ သမ္မာအာဇီဝ
ကျ၏လော မကျ၏လော တရားသော မတရားသော နောဇာနာမိ ငါမသိ။
မယားအပိုရှာတော့ တစ်ပါးအပျိုကညာကို
ပေးကမ်းဖို့ရာ မနှေးစတမ်း ဖွေရှာရတော့
သေရွာလားရင် အပါယ်ဆိုက်မယ့်
အကုသိုလ် အမိုက်တိုက်တွေကြီးလုပ်ကြရော။
သခင်မှိုင်းတို့ခေတ်ဟာဖြင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ မဟုတ်ဘူး
ကုသိုလ်တစ်ပဲ ငရဲမင်းကွန်းခေါင်းလောင်းလို့တောင်
စာပြောင်းပြီး ချိုးရတော့မလိုပဲ။
ကဲပါကွယ် ဒင်းတို့ ဘီလျံနာတွေ အကြောင်းပြောရတာ
အာခြောက်ကာ ဖေခမျာ အမောဖက်လှသမို့
ကဗျာဆောက်ကာ ဖွေရှာ အပြောဆက်နိုင်အောင်
တောအရက်ကလေးနဲ့ ဆိုင်းဦးမယ်ဗျား။

Friday, July 24, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၉)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၉)
အိပ်မက်လေးမျိုးတဲ့ ကိုမင်းရာရဲ့။
သွေးလေခြောက်ခြား နတ်လှည့်ဖျားနှင့်
ရှေးကကြုံဖုး ရှေ့ဖြစ်ထူးတဲ့။
သွေးလေခြောက်ခြား၍ မက်ခြင်း၊
နတ်တို့လှည့်ဖျား၍ မက်ခြင်း၊
ရှေးက ကြုံဖူးသည်ကို စွဲ၍ မက်ခြင်း၊
 ရှေ့၌ ဖြစ်မည်ကိုကြိုတင်၍ မြင်မက်ခြင်းတဲ့။
ညကမက်တဲ့ ကျုပ်အိပ်မက်ဖြင့် သည်လေးချက်
ဘယ်အချက်နှင့် တွက်စစ်ရမယ် မသိပါဘူး ကိုမင်းရာရယ်။
အိပ်မက်ထဲမှာ စိတ်မသက်မသာစရာက
မြန်ပြည်သူတို့ ဖြေမဆည်နိုင် အသည်းကျွမ်းခဲ့ရတဲ့
ရေကြည်အိုင် ငရဲခန်းထက် အဆတစ်ရာသာတဲ့
ယမဆရာတို့ရဲ့ အပြစ်ပေးအမြဲကြမ်းရှာတဲ့
စစ်ဆေးရေးငရဲစခန်းရွာကို လှမ်းလာပါကွယ့် ဆရာမှိုင်းရယ်လို့
အထူးဧည့်သည်အဖြစ် ဖိတ်ကြားလာလို့
တဆိတ်သွားကာ မြင်ခဲ့သမျှ
စာစီလို့သလိုက်ပါရစေ ကိုမင်းရာရေ။
အဲသည်မှာ မြင်တဲ့အချက်က
ဘ၀င်ထက်မှာ အတန်တန်မကောင်းလွန်းလို့
ပြန်ပြောင်းပြောရမှာတောင် ခပ်ခက်ခက်ပဲ ကိုမင်းရာရဲ့။
xxxxx
လူတို့ကမ္ဘာ လူ့ရပ်ရွာကို သွားကာခဏ
ပြန်ခဲ့ရတဲ့ အိုဗျ ငနဲသား မောင်ယောက်ျား
သင်၏အသက် တွက်ချက်စစ်သော် ရှစ်ဆယ်နီးမျှ
လူ့ဘ၀၌ နေရချိန်ဝယ် အဘယ်ကောင်းမှု ဒါနစုတို့
သင်ပြုခဲ့သလဲ နောင်ကြီးလို စိတ်မှာစွဲလို့
ဖြစ်နည်းကို ပြန်စမ်းပါဘိ မောင်မင်း။
နတ်သမီးကညာ လေးငါးရာနှင့် စံကာပျော်ပါး
ဝတိံဖျားက မာဃမည်ခေါ် လွန်ထင်ပေါ်သည့် ဘိုးတော်သိကြားမင်းဘုရား ။
စာမှာဖတ်မိ အားကျမိသည့် ငါ၏အမှား
အခုများမှ မျက်ဝါးထင်ထင် တွေ့မြင်ရတော့သည်
သနားစဖွယ် မျက်နှာငယ်နှင့် ရှက်ဖွယ်ပင်ကောင်းတော့သည်
ဘယ့်နှယ်ကွယ် ငါးရာရယ်မဆိုထားဘိ
ကျုပ်လိုတောင် ယပ်ခပ်ပေးမယ့်သူမျိုး
တစ်ပါးကညာတောင် အနားမှာ ယောင်လို့မျှမရှိနဲ့
စိတ်ပျက်စရာအတိပါလား ဘိုးသိကြား။
သယ် ရာရာစစ နင့်ကိုယ်နင်များ နတ်ခြောက်ရွာ ၀တိံဖျား
ရောက်နေသလားထင်နေ လူ့ပြည်ကို သွားတာက တခဏ
အကုသိုလ် ဗလဗွနှင့်ပြန်လာ နင်ရောက်နေတာက
အထက်မဟုတ်ဘူး အောက်ဟ အောက်
အောက်တောင် ရိုးရိုးအောက်မဟုတ်ဘူး
စပါယ်ရှယ်အောက်ထားတာ နင်တို့ တစ်မြုံလုံးအတွက် ဟဲ့။
ဘုရားတကာ ကျောင်းတကာဟု ဇမ္ဘူတစ်လွှား
လူအများက လေးစားရတဲ့ နာမတလူလူနဲ့
အလှူရေစက် လက်နဲ့မကွာ လုပ်ခဲ့ပါရက်ကယ်နဲ့
ဘယ့်နှယ်ငါ့အား နေရာမှားလို့ ခေါ်ထားပါသလဲ အဘရဲ့ ဟု
ဟိုတုန်းကအကျင့်က အထူးမပျောက်လေတော့
ဒူးကလေးထောက်ကာသွားပြီး ရှက်သလိုမျက်နှာပေးနဲ
မျက်နှာချိုသွေးမယ်လည်း အလုပ်
ဟိတ် ရပ်စမ်း ငါ့ကိုများ နင်တို့အဘနဲ့မှားပြီး
ဖားလို့ရမယ်ထင်နေသလား
ဒင်းတို့ ခရီုနီတစ်သိုက် စစ်ဗိုလ်မိုက်တို့
မျက်ဖြူစိုက်ကာ ဆိုက်မြိုက်ရောက်လာရမှာက
နတ်တို့ခြောက်ရွာ ၀တိံသာ မဟုတ်ဘူးဟ
ဒင်းတို့တစ်သိုက် ခြောက်ရွာနဲ့ မထိုက်လို့
ဒင်းတို့ သည်းခြေကြိုက် ကိန်းဂဏန်းပိုသာတဲ့
ရှစ်ရွာကို ဆိုက်ရမှာဟဲ့။
အလှူရေစက်လက်နဲ့ မကွာဘူးတို့
ဘုရားတကာကျောင်းတကာတို့
အကြောင်းရှာပြီး ကြွားမပြောနဲ့ နားကလောလွန်းလို့ဟဲ့
နင်တို့လှူတဲ့ငွေအသပြာကက သမ္မာအာဇီဝနဲ့ ဖွေရှာလို့ရတာ
ဘယ်နှစ်ပြားပါသတုန်း အရင်စစ်ဦးဟဲ့။
ဟိုဘက်လှမ်းကြည့်စမ်း ။
အဲသည်ငရဲသားက လူ့ဘ၀တုန်းက
အများမြေကလေး ငါးပေလောက်ခိုးလာတာကနေ
ဖျားသေပြီးတန်းချိတ်လာတဲ့ အများမြေကြီးထမ်းပြိတ္တာဟဲ့။
မနိတ်ရှာပါဘူး ငါးပေမို့ သက်တမ်းငါးရာကို
မရှက်တမ်းထမ်းရှာရမယ်။
ဒင်းတို့အုပ်စုဖြင့် လယ်လုပ်တောင်သူတွေရဲ့ မြေယာများကို
ဖယ်ထုတ်အချောင်ယူ ဖွေကာထားတော့
သေရွာလားရင်ဖြင့် ခွေကာထားတဲ့မြေကြီးကို
မရှက်တမ်းထမ်းရမှာ ထွက်လမ်းတောင်မမြင်ဘူးဟဲ့။
(အိပ်မက်မပြီးသေးပါ။ဆက်ပါဦးမည်။)

Thursday, July 23, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၈)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၈)

ဥစ္စာရူး တဏှာရူး အာဏာရူး ဘ၀င်ရူး တဲ့ ကိုမင်းရာရဲ့။
ရှိသမျှ အရူးထဲမှာ ကျုပ်တို့ဆီက
ဝင်ကြီး(၀န်ကြီး)တွေမှာဖြင့် အထင်ကြီးစရာအချက် 
တစ်ကွက်မပါဘူး အရူးလေးပါးရောယှက်ထားလို့
ပြောထွက်လာသမျှစကားကလည်း
မနောပျက်စရာက များနေပါပေါ့လား ကိုမင်းရာရဲ့။
ဒါပေမယ့် တစ်ခါတစ်လေကျတော့
သူငယ်စကား သဘင်စကား သူရူးစကားတို့ဟာ
တမူထူးခြားလာရင်တော့
အတိတ်တဘောင် နိမိတ်ဆောင်သတဲ့ ကိုမင်းရာရဲ့။
ယနေ့တစ်ပြည်လုံး ပါးစပ်ဖျားမှာ
မှတ်သားစရာ အကြိုက်စကားကတော့
ဆိုက်ကားဆိုတဲ့ စကားတစ်လုံးကတော့
အများသုံးလာလိုက်တာတဲ့ ဖွဘုတ်တစ်ခွင်
ပထုတ်လို့ပင် မရအောင် ဖြစ်နေပါလား ကိုမင်းရာရဲ့။
ဇမ္ဗူဒိတ် နိမိတ်ထွန်း၊ ဇမ္ဖူဒီပါ လက်ယာကျွန်း
သြဘာနိမိတ်ထွန်း တဲ့ကိုမင်းရာရဲ့။
အမေစုရဲ့ ကံဇာတာ
မြန်မကြာ ပျက်ယွင်းအောင်လို့
ပြည်သူတွေ အခက်ပူစေတဲ့ ကြက်ဆူနဲ့
ဟိုငမိုက်သားက ကက်ကင်း ရိုက်ထားခဲ့သတဲ့ အခုတော့ ကြက်ဆူ ကက်ကင်းကို
ဖျက်ခွင်းမယ့် ဆိုက်ကားဆိုတဲ့ နိမိတ်တဘောင်က
အတိတ်ဆောင်လာတာပဲ ကိုမင်းရာရဲ့။
ဆိုက်ကားနင်းရင် ချမ်းသာမယ်ပြောတာက
ပြည်ခွင်တစ်ဝှန်း ကြည်ရွှင်လမ်းကာ ချမ်းသာဖို့အရေး လူ့ပြည်မှာ အတုမမှီတဲ့
စုကြည်နဲ့ သွားမှ ချမ်းသာမယ် လို့
နိမိတ်ထူးနဲ့ အတိတ်တွေမြူးလာတာမို့
အောင်ဆန်းစုကြည် ဘာမထီ ဇာနည်တစ်ယောက်ပေမို့
အောင်ပန်းသူ့ဆီ မကြာမီ ရောက်တော့မကွဲ့
ဝဠာဟီအောင် သူ့ဂုဏ်ရောင် တောက်တော့မှာမို့
မဟာဆီ သာကီဖွားတို့ရဲ့ မြန်မာပြည် ကမ္ဘာအမှီသွားနိုင်အောင်
ကောင်းအတိတ်တွေ ထွန်းလို့
ကိုမင်းရာရေ သြောင်းနိမိတ်ဇေယျာ သွန်းကြစို့ဗျား။ ။

Wednesday, July 22, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၇)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၇)
အလှမ်းမဝေးတဲ့ မန္တလေးမှာတော့
တဖြန်းကလေးတောင်မကျတဲ့မိုးက
ဆရာမှိုင်းတို့ရဲ့ ဇေယျာတိုင်းအထက်နယ်များမှာဖြင့်
တကယ်ခက်သပ အကြံပိန် ညစ်ပါဘိ
ဆယ်လက်မ စံချိန်သစ်နဲ့
အဖန်ကြိမ်ကြိမ်ထစ်ချုန်းမြည်ဟီးကာ
အကျိုးမကြီးတဲ့ မိုးကြီးက တပျက်ပျက်နဲ့
ရက်ဆက်ကာ ရွာတာကြောင့်
ရေဦး တန့်ဆည် ကန့်ဘလူနယ်တစ်ကွင်းမှာဖြင့်
မသွေထူးပါတယ်ကွယ်
ရေရူးရယ် အနှံ့တမူ ဆင်းတာကြောင့်
နယ်ရွာအတွင်းက လယ်ယာကွင်းတွေမှာဖြင့်
ကန်သင်းပေါင်ကို အလျင်းတောင် မမြင်ရဘူးတဲ့။ ။
အတိတ်တစ်မျိုးနဲ့သတင်းကြီးတဲ့
ဗိဿနိုးမင်းသမီး ထွင်းတယ်ဆိုတဲ့
သဲကျွံရင် အတည်မရုန်းနိုင်ဘု
ညစ်တီးညစ်ပတ် စီကုံးကာဆဲနိုင်မှ လွတ်သတဲ့
အနှီမုန်းစရာကောင်းတဲ့
စည်ပတုံးဆိုတဲ့ချောင်းကလည်း
ဇောင်းထဲက လွှတ်လိုက်တဲ့မြင်းကြီးလို
အတင်းစီးကာလျှံကျလာတော့
အပျင်းကြီးကာ ဟန်မကျလေတဲ့
ပြီးမြောက်အောင် အလုပ်မလုပ်ချင်တဲ့
သူကြီးငကောက်တို့ရဲ့ ဇီးပေါက်ဆိုတဲ့
စံပြရွာ အနီးအနားမှာဖြင့်
ဆလံသလောက်အောင် ရေကစီးသွားလေတော့
မြေကြီးများတောင် မမြင်ရပဲ
ရွာယမင်းတစ်သိုက်မှာဖြင့် ထင်းစိုက်စရာတောင်မရှိပဲ
မမေ့စရာ ဘ၀မှာ တစ်သက်ကြုံရရဲ့
နေ့စာညစာပါ မချက်နိုင် အခက်ကြုံရသတဲ့ကွယ်။ ။
မကြုံဆုံဖူးပေါင်တကယ် အခက်ပေါ်ရတာက
တသုန်သုန်နဲ့ ဒူးပေါင်လယ်အထက်ကျော်အောင်
ကန်အထက်ကနေ လျှံတက်ကာစီးတာကြောင့်
နွေအခါသမယက ရေဆာသမျှ
ဝေနေယျတွေ သောက်နိုင်အောင်
အများကောင်းမှုနဲ့ ပေါင်းစုကာ လှူထားတဲ့
ကျုပ်တို့ရဲ့ အုတ်မရိုးကြီးကတော့
အဟုတ်ပ ဘ၀ မဆိုးရှာပါဘူး
ဘိလပ်မြေတန်ခိုးကြောင့်
အုတ်တစ်စိတစ်ချပ်တောင် ကြေမကျိုးရှာပေမယ့်
မြေရိုးကလေးကတော့ ရေထိုးပြေးတာ
မနိုင်လောက်သမို့ ဂလိုင်ပေါက်ဖြစ်ကာ ကျန်ရစ်ရှာသတဲ့။
ရေအကျိုးဆယ်ပါး တောင်းစရာမလိုပဲပြည့်သတဲ့
ကျောင်းတကာတကာမအမိတို့ရဲ့
အကြောင်းအခါကလည်း ဖန်လာပြန်သေးသမို့
သံသရာအရေးကို မြန်မကြာတွေးလို့
ဖန်ခါခါ သူဌေးဖြစ်ဖို့အရေး
စိတ်ထန်ကာ လက်မနှေးကြပါနဲ့
နိဗာန်ရွာ မဂ်ဆေးကလေး အမြန်သောက်နိုင်အောင်
ကန်ကျိုးတာ အကြောင်းပြုလို့
ကောင်းမှုကလေးကို ပေါင်းစုကာ
အတူတစ်သိုက် လှူလိုက်ကြပါဦးစို့လို့
သံသရာအကျိုးမျှော်လို့
မြန်မကြာ နှိုးဆော်လိုက်ရပါသည်
သူတော်ကောင်းအပေါင်းတို့။

Saturday, July 18, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၆)



သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၆)
အမယ်မင်း ဆရာမှိုင်း
အခါတိုင်းလို နေကာမရသမို့
မရဏာတိုင်း သေရွာကထပြီး
သည်လသည်အခါရောက်တိုင်း
တောင်ဝှေးလေး တတောက်တောက်ထောက်ပြီး
မှိုင်းတစ်ယောက် အပြေးကလေးရောက်ကာ
ရင်ထဲမှာ ကျိတ်သိမ်းလာခဲ့တာတွေ
စိတ်မထိန်းနိုင်တော့တဲ့အဆုံး
အခက်ပွေ အခြေနည်းသမို့
မျက်ရည်လေးတရွှဲရွှဲနဲ့
အပြေးသာယခု
အလေးလာပြုပါတယ်ကွဲ့ အောင်ဆန်းရဲ့။
ပြည်သူမှိုင် အခက်တိုးစေတဲ့
သည်ဇူလိုင် ဆယ့်ကိုးရောက်တိုင်း
ဘ၀င်အသည်းမှာ နာလွန်းလို့
အမယ်မင်း ဆရာမှိုင်း ရင်ကွဲနာကျတာ
ကောက်ချက်စစ်လိုက်တော့
ခြောက့်ဆယ့်ရှစ်နှစ်တောင် ရှိပါပကောကွဲ့ အောင်ဆန်းရဲ့။
အောင်ဆန်းတို့ အာဇာနည်ကြီးတွေကတော့
မြန်မာပြည်ကြီးတော့ အောင်ပန်းတွေ တလူလူလွှင့်လို့
ပြည်သူတွေလည်း ခေါင်နန်းကိုရောက်လို့
ဘ၀င်ဝမ်းမှာ ရွှင်လန်းနေရှာရော့မယ်လို့
ဝတိံယံပြူတင်းတံခါးကနေ
စဉ်းစားကာ ပျော်နေရှာကြရော့မယ်။
အပြန်တစ်ရာလေ အသုံးမကျတဲ့ ငါတို့တစ်တွေကျန်ခဲ့လို့
ဘဏ္ဍာငွေတွေ ဘုန်းကြတာလည်း ဘာမှမပြောရဲ
ငဖျံမသာတွေရဲ့ စစ်ကျွန်အောက်ကလည်း ရုန်းမထနိုင်ပဲ
အာဇာနည်ကြီးတွေ ကျဆုံးပြီးကတဲက
မြန်မာပြည်ကြီးလည်း ဘ၀ရှုံးလာလိုက်တာ
အမယ်မင်း အောင်ဆန်းရဲ့
အခုထိ ဗလာချီပြီး ၀လုံးက မတက်နိုင်သေးပါဘူးကွဲ့။ ။
(ကျနုပ်တို့ချစ်သော ဗိုလ်ချုပ်ကို ကိုယ်တော်မှိုင်းနေရာမှ ခံစားကာ ရေးဖွဲ့ရပါသဖြင့် အောင်ဆန်းဟု ရိုင်းပျစွာ သုံးစွဲရသည်ကို မေတ္တာရှေ့ထား ခွင့်လွှတ်ကြပါကုန်။)

Wednesday, July 15, 2015

သခင်ကိုယ်တော်မှိုင်း၏ မှိုင်းဋီကာ(၅)

သခင်ကိုယ်တော်မှိုင်း၏ မှိုင်းဋီကာ(၅)
ဘယာဝိုင်းကာ နေရှာကြတဲ့ ဆရာမှိုင်းတို့ရဲ့
မန်မာတိုင်း ပြည်ခွင်တစ်ဝှန်းမှာဖြင့်
ကြည်ရွှင်လန်းစရာ သတင်းကလေးမွှေးလာတော့
ထမင်းကလေးလွေးရတာတောင် တယ်အရသာ ရှိသကိုး ကိုမင်းရာရဲ့။
တောင်သာသခင် ငသောင်းကြီးကတော့
အကောင်မသာအသွင်ပြောင်းပြီး
နောင်မကြာခင် အခေါင်းကြီးထဲ
ရောက်တော့မယ်တဲ့ ကိုမင်းရာရဲ့။
တရုတ်ထံ အထုတ်မကျန်အောင်
မြှုပ်နှံထားတဲ့ ရှယ်ယာဈေးကွက်က
မရွယ်ပါပဲ သွေးပျက်အောင်ကျသမို့
အပါယ်ရွာကို အပြေးထွက်ရအောင်
သွေးတက်ကာ သတိမရလေတော့
ရှိသမျှ ပြေတစ်ခွင်ကနေ မသေခင်
အတင်းဖုန်းထားတဲ့ငွေနဲ့ လေယာဉ်စင်းလုံးငှားလို့
စလုံးကို ဘ၀မဆုံးအောင်ပြေးရသတဲ့။
ကျုပ်တို့ ပြေရွာတစ်ခွင်ကတော့ ဒင်း သေတာသာ မြင်ချင်ကြသဟ။
အာဏာလေးမြဲဖို့အရေး
ဘာသာရေးလည်း အလွတ်မထား
မွတ်ကုလားမုန်းတဲ့ ဖွတ်ကြားကတုံးနဲ့ပေါင်းပြီး 
စုတ်ပြတ်တဲ့ သူ့လုပ်ရပ်ကို
အတိတ်ဆီမှာ သွားထိုးထားခဲ့လို့ မရဘူး ကိုမင်းရာရဲ့
မိတ္ထီလာ လားရှိုးကို အရိုင်းငမိုက်တို့ မှိုင်းတိုက်လို့
မြို့ကြီးတစ်ခွင် ရှို့မီးတင်ခံရတာ
မန္တလာမြေကို ရန်လာချွေတာတွေက
ဘာကြာသေးလို့တုန်း ကိုမင်းရာရဲ့။
လွဲမှားတဲ့စရိုက်နဲ့ သတိလစ်နေတဲ့
ငနဲသားငမိုက်ကို ဖိစစ်ဖို့ရာ
ငရဲသားတစ်သိုက်က ယမမင်းထံ ခေါ်သွားကြတယ်ဆိုလို့
ကျုပ်လည်း ဖုန်းဆက်ကြည့်တော့
ယမမင်းက မြန်ပြည်သားတို့ရေ
အပြုံး မပျက်ကြနဲ့ဟ ကတုံးငဖျက်ရော သူဖုန်းသူဝှက်ရော
ယုတ်စွအဆုံး နှလုံးစက်ပါ အသုံးမတက်အောင်
တစ်ယောက်ပြီးတစ်ယောက် အကြောက်ကြီးကြောက်ရအောင်
ငရဲဂတိကို ဆွဲစိတော့မယ်ဟတဲ့။
သူတစ်ပါးမြေကို ယူထားလေတဲ့ မြေသူခိုးတွေ
သေပြီးတန်းချိတ်မှာက မြေကြီးထမ်းပြိတ္တာတဲ့။
မြို့ကြီးတစ်ခွင် ရှို့မီးတင်တဲ့ကောင်တွေကိုတော့
မီးသမုဒ္ဒရာထဲ အပြီးမြှုပ်ကာ ဆွဲချလိုက်မယ်တဲ့။
ကြားမိတဲ့စကားကတော့ အားရှိစရာပေပ ကိုမင်းရာရဲ့
အဲသည်တော့ ဒီဇင်္ဘာ နှစ်တစ်မှာ
ပြည်တစ်ခွင်မှာ စနစ်သစ်ဖြစ်စေဖို့
ကောင်းအတိတ်တွေ ထွန်းလို့
ကိုမင်းရာရေ သြောင်းနိမိတ်ဇေယျာ သွန်းကြစို့ဗျား။ ။
ကျုပ်တို့ ပြည်မြန်မာကြီးလည်း သည်တစ်ခါ
ကမ္ဘာနဲ့အမှီ ရင်ပေါင်တန်းနိုင်အောင်
ဝဠာဟီအောင် အောင်မောင်းသံထုလို့
သပြေနုနဲ့ ဖြန်းစေသော်ဝ်။
ငွေခရုနဲ့ သွန်းစေသော်ဝ်။
ဇေယျတုနဲ့ ယွန်းစေသော်ဝ်။
အမေစုနဲ့ လန်း(ထွန်း)စေသော်ဝ်။

Sunday, July 5, 2015

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၄)

သခင်ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၄)
နှိုင်းယှဉ်လို့ တုစရာ ကမ္ဘာဆီမှာပင် ရှားသကွဲ့
မှိုင်းသခင်တို့ရဲ့  စုဟာ မြန်မာပြည်ဖွားပေမို့
အာဇာနည်တစ်ပါးအနေနဲ့ ဂုဏ်ယူစရာ။
အောင်ဆန်းစုကြည် ဘာမထီ ဇာနည်တစ်ယောက်ပေမို့
အောင်ပန်းသူ့ဆီ မကြာမီ ရောက်တော့မကွဲ့
ဝဠာဟီအောင် သူ့ဂုဏ်ရောင် တောက်တော့မှာမို့
မဟာဆီ သာကီဖွားတို့ရဲ့ မြန်မာပြည်
ကမ္ဘာအမှီသွားနိုင်အောင်
ညီထားကြစေချင်။
အသဲကြားက မဲတစ်ပြားကိုကွယ်
မဲပြားကာ ကွဲသွားမှာစိုးသကွဲ့
မှားယွင်းတဲ့ မဲဇယားစာရင်းကို
အများခပင်းတို့ အသွားမပျင်းလိုက်ကြပါနဲ့
အားတင်းကာ အပြေးသွားလို့
အရေးထားကာ မပြင်ကြရင်ဖြင့်
ဟိုအရင်ငနဲတွေ ညစ်သလို
ကြိုတင်မဲတွေဖြစ်လိမ့်မယ်ကွဲ့။
ခပင်းအများတို့ မယွင်းမှားကြစေရန်
စဉ်းစားကြ အဖန်ဖန်
သတင်းမှား အကြံအဖန်တွေကို
အပြန်ပြန် မယုံလိုက်ကြပါနဲ့
ကြုံကြိုက်သည့် သည်နှစ်အခါကို
ပြည်သစ်ရွာတည်ထောင်ဖို့
ရည်ဆောင်ကာ ညီနောင်အပေါင်းရယ်
ခွပ်ဒေါင်းအလံ တလူလူလွှင့်လို့
အောင်မောင်းသံ တဒူဒူထုလို့
တို့ချစ်တဲ့ အမေစုကို
စုပေါင်းကာ တပြိုင်ထဲ
မဲပေးကြစို့။

Saturday, July 4, 2015

ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃)

ကိုယ်တော်မှိုင်း မှိုင်းဋီကာ(၃)
အမယ်မင်း ဆရာမှိုင်း
အခါတိုင်းလို အိပ်မပျော်
မြန်ပြည်အတွက်ကလည်း
အကြံစီရ ခက်ပါပေါ့ ကိုမင်းရာရဲ့။
တိုင်းတုန်အောင် မှိုင်းအဖုံဖုံကလည်းများ
ဘင်္ဂါလီမိုင်း ဘာသာရေးမှိုင်းနဲ့ 
ကုလားမှိုင်းတွေကလည်း စကားဝိုင်းမှာ 
မတရားရိုင်းနေကြတော့ 
ကျုပ်နာမည်မှိုင်းပြောင်းမိတာတောင်
မှားပါပေါ့လား ကိုမင်းရာရဲ့ ။
ဟို မွတ်ကုလားမုန်းတဲ့
ဖွတ်ကျားကတုံးကတစ်မှောင့်
ကျားဖြူက နွားငထူကတစ်ဖုံ
စနစ်အစုံစုံ ဖြစ်ပုံတွေ ကြားမိပြန်တော့ 
ကိုမင်းရာရယ် ကျုပ်မှာလေ တိုင်းပြည်အတွက် အားမရှိဘူးကွဲ့။
ငါးကိုးစကို အစားမထိုးကြ
လေးသုံးခြောက်ကို အဝေးဆုံးရောက်အောင် လုပ်ကြနဲ့
လွှတ်တော်မှာ လက်ခုပ်တီးတဲ့ 
သဘက်ငယုတ်ကြီး အစိတ်သားတွေကိုလည်း 
စိတ်များနော် နာလွန်းလို့
ကန်တော့ပါရဲ့ ကိုမင်းရာရယ်
ကျုပ်ကလေ --ထိပ်ဖျားနဲ့သာ ထိုးလိုက်ချင်တော့သဟဲ့။
ဟိုဆရာ ပြောင်ကြီးကလည်း
ပြော့ပြော့နဲ့နံတဲ့
အဲ အဲ နောင်ကြီးကလည်း
တက်စတုန်းကတော့ မျက်စလေးတပြုံးပြုံးနဲ့
အသရေစုတဲ့အမေစုကို
သပြေနုနဲ့ ဇေယျတု လုပ်လို့
ကိန်းခန်းမသေးပုံများ ငြိမ်းချမ်းရေး
နိုဘယ်ဆုတောင် ရတော့မလိုလိုမို့
ကမ္ဘာမှာ မြန်မာရယ်လို့ ဝင့်ကြွားကာ 
ထင်ပေါ်တော့မယ်ဟဲ့လို ရွှင်ပျော်ခဲ့ကြတာလည်း 
ကျုပ်တို့ပဲ ကိုမင်းရာရဲ့။
အခုတော့ နှစ်တွေသာညောင်းပေမယ့်
စံနစ်တွေက မပြောင်းပဲ
သက်တမ်းငါးနှစ်မှာ
မရှက်တမ်းထားပစ်ခဲ့တာဖြင့်
ရှိသမျှ မကြည်ဖြူခါးတဲ့
မိဘပြည်သူများ ခင်များ ဆိုတဲ့
စကားတစ်လုံးပဲ အများမုန်းစရာအဖြစ်
ရာဇဝင် စာတင်ရစ်ခဲ့ပါပေါ့။
ဒါနဲ့များတောင် ကိုမင်းရာရယ်
အများပြည်သူ ထောက်ခံလျင်
 နောက်တဖန်တောင် ဖြစ်ချင်သေးသတဲ့။
ပြည်သူ့ဆန္ဒကို အမှန်ပြရရင်တော့
နှစ်ပြန်နှစ်ဝတော့ မခံပါရစေနဲ့
ဟန်မကျတဲ့ သူတွေကြောင့်
သယံဇာတတွေလည်းပြောင် 
တိုင်းပြည်လည်း နလံမထနိုင်တော့သမို့
ပြန်ကြွကြပါကွဲ့ လာလမ်းအတိုင်းသာလို့
အမယ်မင်း ကိုမင်းရာရယ်
ပြောလိုက်ချင်ရဲ့။ု